Saturday, June 30, 2012

ဆင်သင်္ချိုင်းဒဏ္ဍာရီ

ဆင်သင်္ချိုင်းဒဏ္ဍာရီ

အာဖရိကတိုက်က တိုင်းရင်းသားတွေ အစဉ်အဆက် ပြောခဲ့ကြတဲ့ ပါးစပ်ရာဇ၀င်တွေထဲမှာ ဆင်သင်္ချိုင်း တွေရဲ့ အကြောင်းဟာ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ ဆင်ရိုးဆင်စွယ်တွေ တောင်ပုံရာပုံ ရှိနေတယ်ဆိုတဲ့ 
ဆင်သင်္ချိုင်း တွေကို လိုက်ရှာခဲ့ကြတဲ့ လောဘသားတွေလည်း မနည်းပါဘူး။ ရှေးတုန်းက ပြောခဲ့ကြတာကတော့ အာဖရိကတိုက်ရဲ့ တောနက်တွေထဲမှာ ဆင်သေထောင်ပေါင်းများစွာရှိတဲ့ ဆင်သင်္ချိုင်းတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆင်တွေအားလုံးဟာ အသက်အရွယ် ကြီးရင့်လို့ပဲဖြစ်စေ၊ ရောဂါဝေဒနာ ဖိစီးလို့ပဲဖြစ်စေ၊ ဒဏ်ရာအနာတရ ဖြစ်လို့ပဲဖြစ်စေ သူတို့ သေရတော့မယ်ဆိုတာ သိနေပြီဆိုရင် ဆင်သင်္ချိုင်းကို အရောက်သွားပြီး သေဆုံးကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သိပံ္ပပညာရှင်တွေကတော့ ဆင်သင်္ချိုင်းဆိုတာ တကယ်မရှိဘူးလို့ ဆိုပါတယ်။
ဒါဖြင့် ဒီဒဏ္ဍာရီ ယုံတမ်းစကားတွေဟာ ဘယ်ကစတင်ခဲ့ပါသလဲ ??
ဒီအဖြေကို ရှာကြည့်ဖို့အတွက် အင်္ဂလန်နိုင်ငံ တော်ဝင်သိပံ္ပအသင်းကြီး (Royal Society) က သိပံ္ပပညာရှင် တွေဟာ ဆင်တွေရဲ့ စရိုက်လက္ခဏာတွေကို သုတေသနပြုပြီး စာတမ်းပြုစု ခဲ့ကြပါတယ်။ ဒီစာတမ်းထဲမှာ ဆင်တွေရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကို မှတ်တမ်းထားတာကိုလည်း တွေ့ရပါတယ်။ ဆင်တွေဟာ လူတွေလိုပဲ သေဆုံးသွားတဲ့ မိသားစုဝင်တွေကို မေ့ပျောက်ခြင်းမရှိကြပါဘူး။ ဒါဟာ ဆင်တွေနဲ့
တခြား တိရိ စ္ဆာန်တွေ ကြားမှာ အဓိကကွာခြားချက်တစ်ခုပဲ ဖြစ်ပါတယ်။ တိရိ စ္ဆာန်တွေမှာ သေဆုံးသွားတဲ့ မိသားစုဝင်တွေအတွက် အမှတ်တရ တမ်းတခြင်းဆိုတာ တွေ့ရလေ့ မရှိပေမယ့် ဆင်တွေမှာတော့ ဒီအချက်ကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ ဆင်တွေဟာ ဆင်အုပ်ထဲက ဆင်တစ်ကောင်ကောင် သေဆုံးသွားတယ် ဆိုရင် အဝေးကိုမသွားကြပဲ ဆင်သေကောင်နားမှာပဲ တ၀ဲလည်လည် ရှိနေတတ်ကြပါတယ်။ ဆင်သေကောင်ကို သားစားသတ္တ၀ါတွေ လာဆွဲတဲ့အခါမှာလည်း အလွန်စိတ်လှုပ်ရှား ဒေါသထွက်တဲ့ အမူအယာကို ပြလေ့ရှိကြပါတယ်။ ဆင်အုပ်ဟာ သူတို့ဘာသာဘာဝ ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာနေပေမယ့် ဆင်သေကောင်ရှိရာဆီကို မကြာခဏ ပြန်လာလေ့ရှိပြီး ကြွင်းကျန်ရစ်တဲ့ ဆင်ရိုးတွေကို ညင်ညင်သာသာ နှာမောင်းနဲ့ ကိုင်တွယ်နမ်းရှုပ်လေ့ ရှိကြပါတယ်။ သူတို့ဟာ အဲဒီ ဆင်ရိုးတွေကိုလည်း အမြတ်တနိုးနဲ့ သယ်ဆောင်သွားလေ့ ရှိကြပါတယ်။ ၀မ်းနည်းကြေကွဲတဲ့ အထိမ်းအမှတ် အနေနဲ့ မြေမှုန့်တွေကို နှာမောင်းနဲ့ယူပြီး သူတို့ရဲ့ ဦးခေါင်းပေါ်ကို ဖြန့်ကြဲလေ့ရှိကြပါတယ်။ သိပံ္ပပညာရှင်တွေဟာ ဆင်တွေရဲ့ အပြုအမူကို အဓိပ္ပါယ် ဖော်နိုင်ဖို့အတွက် တခြားတိရစ္ဆာန် အသေကောင်တွေရဲ့ အရိုးတွေကိုပေးပြီး စမ်းသပ်ကြည့်ကြပါတယ်။ ဆင်တွေဟာ ဒီအရိုးတွေကို စိတ်မ၀င်စားပဲ ဆင်ရိုးတွေကိုသာ အမြတ်တနိုး ထားကြတာကိုတွေ့ရပါတယ်။ အထူးသဖြင့် သူတို့ဟာ ဦးခေါင်းခွံရိုးနဲ့ အစွယ်တွေကို အလွန်မြတ်နိုးကြပြီး အရိုးအပိုင်းအစတွေကို သူတို့ရဲ့ လက်သဖွယ်ဖြစ်တဲ့ နှာမောင်းတွေနဲ့ တယုတယ ကိုင်တွယ်လေ့ရှိကြပါတယ်။ ဒါဟာ ဆင်တွေရဲ့ မိသားစုဘ၀ နေထိုင်မှုပုံစံနဲ့လည်း တနည်းတဖုံ ဆက်စပ်နေတာ ဖြစ်နိုင်ပါတယ်။ အုပ်ဖွဲ့နေထိုင်လေ့ရှိတဲ့ ဆင်တွေဟာ သူတို့အချင်းချင်းရဲ့ အစွယ်တွေကို ပွပ်သပ်ကိုင်တွယ်ပြီး သူတို့ရဲ့ ချစ်ခင်ရင်းနှီးမှုကို ပြသလေ့ရှိပါတယ်။ ဆင်တွေဟာ လူတွေနဲ့ သက်တမ်း တူညီပြီး၊ လူတွေလိုပဲ ဆွေမျိုးသားချင်း မိသားစုတွေနဲ့ နေထိုင်တတ်ကြပါတယ်။ ဆင်တွေဟာ မိသားစုသံယောဇဉ်ကြီးကြပြီး လူတွေလိုပဲ ၀မ်းနည်းပူဆွေး တတ်တယ်ဆိုတာကို ရှားရှားပါးပါး မှတ်တမ်းတင်ထားတဲ့ National Geographic ရုပ်သံမှတ်တမ်းတခုမှာ အခုလို တွေ့ရပါတယ်။
ဒီလို ချစ်ခင်ကြင်နာတတ်ပြီး သံယောဇဉ်ကြီးမားတဲ့ ဆင်တွေကို အသိဥာဏ်မြင့်မားပါတယ်ဆိုတဲ့ လူတွေဟာ အလုပ်ကြမ်းတွေ ခိုင်းစေရုံမျှမက၊ ဆင်စွယ်လိုချင်မှုအတွက်နဲ့ လောဘဇောတက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ကြတာတွေဟာ ၀မ်းနည်စရာ ကောင်းလှပါတယ်။ ဆင်တွေမှာလည်း လူတွေလို ခံစားတတ်တဲ့ အသည်းနှလုံးရှိတယ်ဆိုတာကို အသည်းနှလုံးမာကျောတဲ့ လောဘသားတွေ သိစေချင်ပါတယ်။ တကယ်တော့ တိရစ္ဆာန်တွေဟာလည်း ကျွန်တော်တို့ နေထိုင်ရာ ဂြိုဟ်ပြာလေးပေါ်က လူသားတွေနဲ့ တလှေထဲစီး တခရီးထဲသွားတွေပဲ မဟုတ်ပါလား...။

No comments:

Post a Comment